မြန်မာစစ်တပ်် အုပ်ချုပ်မှုအောက်မှ
လူ့အခွင့်အရေးချိုးဖေါက်မှုများ
ပထမဦးဆုံးအကြိမ်အားဖြင့် မြန်မာစစ်တပ်၏ အမိန့်ကွပ်ကဲမှုကွင်းဆက် တစ်ခုလုံးကို ပြည့်စုံကျယ်ပြန့်သော ဤသုတေသနစာတမ်းက ချိတ်ဆက်နိုင်ခဲ့သည်။ သုတေသနအစီရင်ခံစာသည် ပြီးခဲ့သည် (၁၂)နှစ်တာကာလအတွင်း စစ်တပ်ထိပ်သီး ခေါင်းဆောင်များ က ရာနှင့်ချီသည့်တပ်ဖွဲ့တပ်စုများကို အုပ်ချုပ်စဥ် လက်ကိုင်ကျင့်သုံးခဲ့သည့် ရာထူးစဥ်နှင့် ထိန်းချုပ်မှုပုံစံများကို အသေးစိတ်ဖေါ်ပြထားသည်။ ၂၀၁၁ခုနှစ်၊ မတ်လ (၃၀)ရက်နေ့မှစ၍ ၂၀၂၃ခုနှစ်၊မတ်လ(၃၀)ရက်နေ့အတွင်း၄င်းတို့ကျူးလွန်ခဲ့ဖွယ်ရှိသောလူ့အခွင့်အရေးချိုးဖေါက်မှုများ၏အဆင့် တိုင်းတွင်မည်သူက အဓိက အမိန့်ပေးသူဖြစ်ခဲ့ကြောင်း သိရှိပြီဖြစ်သည်။
စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် တစ်ဦးချင်းတာဝန်ခံစေမှုကိုသက်သေပြရန် သည် ရှုပ်ထွေးသောလုပ်ဆောင်ချက်တစ်ခုဖြစ်သည်။ ဤကိစ္စသည် အထူးသဖြင့် လျှို့ဝှက်သော စစ်တပ်၏ဖွဲ့စည်းပုံ ကြောင့် တာဝန်ယူစေမည့်ကြိုးပမ်းမှုများကို ဟန့်တားထားသည့် မြန်မာနိုင်ငံလို နိုင်ငံမျိုးအတွက် ပိုမိုမှန်ကန်ပါသည်။
၂၀၁၁ခုနှစ်ကတည်းကစ၍မြန်မာစစ်တပ်၏အကြီးတန်းအရာရှိ (၆၀)ရာခိုင်နှုန်း ကျော်သည် သူတို့တပ်ဖွဲ့တပ်စိတ်ကို တာဝန်ယူထားစဥ်အတွင်း လူဖျောက်မှု၊ လူသတ်မှု၊ မုဒိန်းမှု သို့မဟုတ် နှိပ်စက်မှုများကျူးလွန်ထားခဲ့သည်ဟု ယူဆဖွယ်ရှိသည်။
၂၀၁၁ခုနှစ် မတ်လ(၃၀)ရက်နေ့တွင် မင်းအောင်လှိုင်က တပ်မတော် တဖြစ်လဲ မြန်မာစစ်တပ်၏အကြီးအကဲဖြစ်လာခဲ့သည်။ မြန်မာစစ်တပ်သည် အကြီးမားဆုံးနှင့် အင်အားအတောင့်တင်းဆုံးစစ်တပ်တစ်ခုဖြစ်သည်။ မင်းအောင်လှိုင်က မြန်မာစစ်တပ်၏အကြီးအကဲဖြစ်လာချိန်မှစ၍ ကုလသမဂ္ဂ၊ လူ့အခွင့်အရေးအဖွဲ့များနှင့် အခြားအဖွဲ့အစည်းများက မြန်မာစစ်တပ်ကို နိုင်ငံအနှံ့မှလူမျိုးတုန်းသတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့်ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှုများကျူးလွန်ခဲ့ခြင်းနှင့်ပတ်သက်ပြီး စွပ်စွဲခဲ့သည်။
တချိန်တည်းမှာပင် မြန်မာနိုင်ငံအနေဖြင့် ပိုမိုကောင်းမွန်သောပြည်သူ့ပါဝင်မှုနှင့် ဒီမိုကရေစီ လမ်းကြောင်းတစ်ခုပေါ်တွင် ကနဦး ရောက်ရှိနေကြောင်း မြင်ရသည်။ ၂၀၂၁ခုနှစ်ဖေဖော်ဝါရီလတွင် အဆိုပါ အခြေအနေမှ ရပ်တန့်ခဲ့ရသည်။ မင်းအောင်လှိုင်ဦးဆောင်သော စစ်တပ်က ဒီမိုကရေစီနည်းလမ်းအရရွေးချယ်ထားသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဦးဆောင်သည့် အစိုးရကို အာဏာသိမ်းမှုတွင် ဖြုတ်ချပစ်ခဲ့သည်။ ဆန္ဒပြနေသောအရပ်သားများကို စစ်တပ်က ဆက်တိုက်အကြမ်းဖက်ဖြိုခွင်းခဲ့သည်။ ယနေ့အချိန်တွင် တရားမဲ့ဖမ်းဆီး နှိပ်စက်မှုများ၊ လူဖျောက်မှုများနှင့် အစုအလိုက်အပြုံလိုက်သတ်ဖြတ်မှုများ ပါဝင်သော ရက်စက်စွာဖြိုခွင်းမှုများ အတွက် စစ်တပ်ကို စွပ်စွဲထားသည်၊။
Security Force Monitor သည် ကိုလမ်ဘီယာဥပဒေနှင့်လူ့အခွင့်ရေးသိပ္ပံ၏စီမံကိန်းတစ်ခုဖြစ်သည်။ ကျွန်ုပ်တို့၏သုတေသနာစာတမ်းအသစ်သည် မြန်မာစစ်တပ်၏ အမိန့်အာဏာကွင်းဆက် နှင့် လူ့အခွင့်အရေးချိုးဖေါက်သည်ဟု စွပ်စွဲခံထားရသော အောက်ခြေစစ်သည်များ က အကြီးတန်းစစ်အရာရှိများနှင့် ဆက်စပ်မှုရှိပုံ ကို ဖွင့်ချသည်။
၂၀၁၁ခုနှစ်ကတည်းကစ၍မြန်မာစစ်တပ်၏အကြီးတန်းအရာရှိ (၆၀)ရာခိုင်နှုန်း ကျော်သည် သူတို့တပ်ဖွဲ့တပ်စိတ်ကို တာဝန်ယူထားစဥ်အတွင်း လူဖျောက်မှု၊ လူသတ်မှု၊ မုဒိန်းမှု သို့မဟုတ် နှိပ်စက်မှုများကျူးလွန်ထားခဲ့သည်ဟု ယူဆဖွယ်ရှိသည်။
ဤသုတေသန စာတမ်းသည် စစ်တပ်၏အကြီးတန်းအရာရှိများ က တပ်ဖွဲ့တပ်စိတ်တစ်ခုချင်းစီ အပေါ် စီမံအုပ်ချုပ်ခဲ့သည့် ထိန်းချုပ်မှုပုံစံများကို မီးမောင်းထိုးပြသည်။
စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို တာဝန်ခံစာဖို့အတွက် အမိန့်ကွပ်ကဲမှုကွင်းဆက် တည်ဆောက်ခြင်းက အဓိက ကျတဲ့ အချက်တွေထဲက တခု ဖြစ်ပါတယ်။
မြန်မာစစ်တပ်သည် ကမ္ဘာပေါ်တွင် အလျှို့ဝှက်ဆုံးနှင့် ပွင့်လင်းမြင်သာမှုမရှိဆုံးသော စစ်တပ်တစ်ခုဖြစ်သည်။ မြန်မာစစ်တပ်၏ဖွဲ့စည်းပုံကို ကောင်းစွာ နားလည်ခြင်းမရှိခဲ့ရသောကြောင့် လူ့အခွင့်အရေးစောင့်ကြည့်လေ့လာသည့်အဖွဲ့များသည် အောက်ခြေစစ်သားများက ကျူးလွန်သည်ဟု စွပ်စွဲခံရသည့် ချိုးဖေါက်မှုများကို ဗိုလ်ချုပ်ကြီးများနှင့် ချိတ်ဆက်ရန် ကြိုးစားရုန်းကန်ခဲ့ရသည်။
ဤသုတေသနစာတမ်းကို ပြုစုရန်အတွက် ပြည်တွင်း၊ ပြည်ပ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းများ နှင့် ဒေသခံ တက်ကြွလှုပ်ရှားသူများ ထံမှ အများပြည်သူလက်လှမ်းမှီသောသတင်းအချက်အလက်များ (Open Source Information) ကို ရယူခဲ့သည်။ ထိုသို့လုပ်ဆောင်ခြင်းအားဖြင့် စစ်တပ်၏ နောက်ဆုံဲး ဖွဲ့စည်းလုပ်ဆောင်ပုံကို ပြည့်စုံစွာ စုစည်းနိုင်ခဲ့သည်။
စာအုပ်များ၊ လွတ်လပ်သည့်သတင်းစာများ နှင့် စစ်တပ်၏မီဒီယာများကို သတင်းအရင်းအမြစ်များအဖြစ်အသုံးပြုခဲ့ကြသည်။ အဆိုပါသတင်းအရင်းအမြစ်များ မှ အစီရင်ခံသည့် တပ်ဖွဲ့တပ်စိတ်တိုင်းနှင့် ခေါင်းဆောင်အရာရှိများအကြောင်းကို (၁၂)နှစ်ကျော်ကာလ တခု အကြာ ခရေစေ့တွင်းကျ အသေးစိတ် ခြေရာခံပြီး တပိုင်းချင်းစီ ဆက်စပ်ခြင်းအားဖြင့် မြန်မာစစ်တပ်ကိုပုံဖေါ်ခဲ့ကြသည်။
ဥပမာအားဖြင့် သတင်းဆောင်းပါးတပုဒ်က စစ်တပ်အရာရှိတစ်ဦးအကြောင်းဖော်ပြထားသည် ဆိုလျှင် အဆိုပါဖေါ်ပြချက်သည် ၄င်းအရာရှိနှင့်ပတ်သက်ပြီး အဆိုပါသတင်းဆောင်းပါးထုတ်သည့်နေ့တွင် ပြုလုပ်သည့်အဆိုတခုဖြစ်သည်။
အဆိုပါစစ်တပ်အရာရှိနှင့်ပတ်သက်သည့် အခြားသတင်းအရင်းအမြစ်များ တွင် အချိန်ကာလမတူပဲ ရှာဖွေတွေ့ရှိရသည်များကို လည်း အချိန်ပြဇယားတစ်ခုပေါ်တွင်ထည့်သွင်းလိုက်သည်။
ထိုသို့အားဖြင့် အဆိုပါအရာရှိ၏တာဝန်ထမ်းဆောင်သည့်ကာလနှင့်ပတ်သက်သည့်အကြောင်းအရာအပြည့်အစုံကို သိရှိရပြီဖြစ်သည်။
မြန်မာစစ်တပ်၏လျှို့ဝှက်မှုဟုဆိုလျှင် လူထုကြားတွင် ပဋိပက္ခဖြစ်နေသော သတင်းအချက်အလက်များစွာရှိနေသည်။ သတင်းအရင်းအမြစ် တစ်ခုရလျှင်ရခြင်း ကျွန်ုပ်တို့စုစည်းထားသည့်အချက်အလက်များထဲတွင်ရှိသည့်အကြောင်းအရာများနှင့် တိုက်ပြီး ပြန်လည် ဆန်းစစ်သုံးသပ်သည်။
တခါတရံတွင် သတင်းရင်းမြစ်များ က တပ်စုတပ်ဖွဲ့တစ်ခု၏ခေါင်းဆောင်အရာရှိမည်သူဖြစ်သနည်းဆိုသည့် အချက်ကိုပင် ပြိုင်ဆိုင်မှုရှိနေသည်။
အရာရှိများ၏ တာဝန်ထမ်းဆောင်သည့်ကာလနှင့် အခြားအရာရှိများ၏အချက်အလက်များပါဝင်သည့်အရင်းအမြစ်များကို နှိုင်ယှဥ်ခြင်းအားဖြင့် အငြင်းပွားခြင်းကို ဖြေရှင်းနိုင်ပြီး တိကျသည့် သတင်းအချက်အလက်ရနိုင်သည်။
အမိန့်ကွပ်ကဲမှုကွင်းဆက်၊ စစ်ခေါင်းဆောင်းများ၊ စစ်ခေါင်းဆောင်များ၏ထိန်းချုပ်မှုနယ်မြေနှင့် အခြားအကြောင်းအရာများပါဝင်သည့် ဤသုတေသနစာတမ်းတွင် ထိုသို့အပြန်အလှစစ်ဆေးခြင်းနည်းလမ်းကိုအသုံးပြုထားသည်။
မြန်မာစစ်တပ်၏ ဖွဲ့စည်းပုံသည် တပ်ဖွဲ့များ လှုပ်ရှားနေသည့်နေရာပေါ်မူတည်ပြီး အင်တိုက်အားတိုက်ပြောင်းလဲနိုင်သည်။ ဤသုတေသနစာတမ်းကို အမိန့်များအထက်မှ အောက်သို့စီးဆင်းပုံကိုပြခြင်းအားဖြင့်တည်ဆောက်ထားသည်။
စစ်တပ်၏ထိပ်ဆုံးတွင် စစ်တပ်တစ်ခုလုံးကို အုပ်ချုပ်ရသောမင်းအောင်လှိုင်ရှိသည်။ သူ့အောက်တွင် ဒုတိယ ကာကွယ်ရေးဦးစီးချုပ်နှင့်ကာကွယ်ရေးဦးစီးချုပ် (ကြည်း)အဖြစ်တာဝန်ယူထားသော စိုးဝင်းရှိသည်။ ၄င်းတို့ (၂)ဦးစလုံးသည် ၂၀၁၁ခုနှစ်၊ မတ်လ(၃၀)ရက်နေ့ကတည်းက လက်ရှိရာထူးများတွင်တာဝန်ထမ်းဆောင်ခဲ့ကြသူများဖြစ်သည်။
၄င်းတို့၏အောက်တွင် အထူးစစ်ဆင်ရေးဗျူရို(၆)ခုလုံး နှင့် စစ်ရေးချုပ် အပါအဝင် စစ်တပ်၏အခန်းကဏ္ဋတိုင်းကို ထိန်းချုပ်သောညှိုနှိုင်းကွပ်ကဲရေးမှုးရှိသည်။
အထူးစစ်ဆင်ရေးဗျူရိ်ုတစ်ခုစီတိုင်းက အနည်းဆုံး တိုင်းစစ်ဌာနချုပ်တစ်ခုကို ထိန်းကွပ်သည်။
အဆိုပါရာထူးလက်ဝယ်ရှိသောပုဂ္ဂိုလ်များသည် မြန်မာစစ်တပ်၏ ထိပ်ဆုံးတွင်ထိုင်နေသည့် စစ်ဗိုလ်ချုပ်များပင်ဖြစ်သည်။
အဆိုပါစစ်ဗိုလ်ချုပ်များ၏အောက်တွင် ၄င်းတို့ထံမှ အမိန့်ယူပြီး မြေပြင်စစ်ဆင်ရေးဆောင်ရွက်သည့်တပ်ဖွဲ့များရှိသည်။
နိုင်ငံအတွင်းရှိအဓိက လှုပ်ရှားနေသည့် ဖွဲ့စည်းပုံ (၂)ခုမှာ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်များနှင့် ခြေမြန်တပ်မဌာနချုပ်များ ဖြစ်သည်။ ၄င်းတို့သည် စစ်ဆင်ရေးနယ်မြေပေါ်မူတည်ပြီး တိုင်းစစ်ဌာနချုပ်၏ ထိန်းချုပ်မှုအောက်သို့ရောက်ပြီး ညှိုနှိုင်းကွပ်ကဲရေးမှုးကိုလည်း သတင်းပို့ရသည်။ တိုင်းစစ်ဌာနချုပ်က ၄င်းတို့နယ်မြေအတွင်းရှိ တပ်ဖွဲ့တပ်စိတ်တိုင်းကို ထိန်းချုပ်သည်။
တိုင်းစစ်ဌာနချုပ်များ၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်များ၊ ခြေမြန်တပ်မဌာနချုပ်များသည် မြန်မာစစ်တပ်၏ အဓိက တိုက်ခိုက်ရေး အင်အားစုများဖြစ်သော ခြေလျင်တပ်နှင့် ခြေလျပ်တပ်ရင်းများကို အမိန့်ပေးသည်။ ယခုသုံးသပ်ချက်သည် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်များနှင့် ခြေမြန်တပ်မဌာနချုပ်များနှင့် တပ်ရင်းများက က ကျူးလွန်ခဲ့သော သံသယရှိဖွယ် ချိုးဖေါက်မှုများ နှင့် ကျယ်ပြန့်သော အမိန့်ကွပ်ကဲမှုကွင်းဆက် ကို ချိတ်ဆက်ခြင်းအား ကန့်သတ်ထားသည်။
အခြေခံဖွဲ့စည်းပုံကိုသိရှိပြီးချိန်တွင် တိကျသော တပ်ဖွဲ့တပ်စိတ် တစ်ခုစီအပေါ်ရှိသော အမိန့်ကွပ်ကဲမှုကွင်းဆက်နှင့် အချိန်အခါအလိုက် မည်ကဲ့သို့ပြောင်းလဲသွားသည်ကို အတိအကျမသိရှိပါ။ ဤသုတေသနေစီမံကိန်းက (၁၂)နှစ်တာ ကာလပတ်လုံး တပ်ဖွဲ့တပ်စိတ်တစ်ခုစီ၏ ရွေ့လျားမှုများ၊ အထက်ပါဖွဲ့စည်းပုံ (၃)မျိုး၏ အမိန့်အာဏာပိုင်းဆက်စပ်မှု နှင့် အကြီးတန်းစစ်အရာရှိမျာ၏ တာဝန်သက်တမ်းများကို ခြေရာခံခဲ့သည်။
ထိုသို့ပြောင်းလဲနေသောပုံစံကို နားလည်ပြီးနောက် မည်သည့် အကြီးတန်းစစ်အရာရှိ၏အုပ်ချုပ်မှုအောက်တွင်ရှိသော မည်သည့်တပ်ဖွဲ့တပ်စိတ်က ကျူးလွန်ခဲ့သော သံသယရှိဖွယ် လူ့အခွင့်အရေးချိုးဖေါက်မှုတိုင်း ကိုပထမဦးဆုံးအနေဖြင့် ဖေါ်ထုတ်နိုင်ခဲ့ပါသည်။
မင်းအောင်လှိုင်ကာကွယ်ရေးဦးစီးချုပ်ဖြစ်ပြီး မကြာခင် ၂၀၁၁ခုနှစ် ဧပြီလတွင်ဖြစ်ပွားခဲ့သော တရားမဲ့ဖမ်းဆီးနှိပ်စက်မှုကို ဥပမာအဖြစ်ကြည့်ပါ။
အဆိုပါစွပ်စွဲချက်သည် အမှတ်(၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်အောက်ရှိ အမှတ်(၅၀၂)ခြေလျင်တပ်ရင်း မှကျူးလွန်ကြောင်း ဖော်ပြသည်။ ရက်စွဲနှင့် နေရာများ ၏ဆက်နွယ်မှုကိုကြည့်လျှင် ပိုမိုကျယ်ပြန့်သော အမိန့်ကွပ်ကဲမှုကွင်းဆက်ကို ချိတ်ဆက်နိုင်သည်။
အဆိုပါချိုးဖေါက်မှုများ မတိုင်မှီနှင့် အပြီးတွင်ရရှိသော သတင်းရင်းမြစ်များအရဆိုလျှင် ကျောက်မဲမြို့နယ်ကို ထိန်းချုပ်ထားသော အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှဖြစ်ကြောင်းသိရပြီး အမိန့်ကွပ်ကဲမှုကွင်းဆက်သည် စစ်တပ်၏ထိပ်ဆုံးအပိုင်းထိပါရှိသည်။
စွပ်စွဲထားသည့်ကျူးလွန်မှု မတိုင်မီ နှင့်အပြီးတွင်ရှိသော အခြားသတင်းအရင်းအမြစ်များက မင်းအောင်လှိုင်ထံတွင် အဆုံးသတ်သွားသည့်အထိ ပါဝင်ခဲ့သော အခြား စစ်တပ်အရာရှိကြီးများကို ဖော်ပြသည်။
(၁၂)နှစ်တာကာလအတွင်း စစ်တပ်အရာရှိအများစုကျူးလွန်ခဲ့သည်ဟု စွပ်စွဲထားသော လူဖျောက်မှု၊သတ်ဖြတ်မှု၊မုဒိန်းမှုနှင့် နှိပ်စက်မှုများ ကို အမိန့်ကွပ်ကဲမှုအာဏာကွင်းဆက်နှင့် ချိတ်ဆက်နိုင်သည်။
၄င်း စစ်တပ်အရာရှိအများစုသည် စွပ်စွဲထားသည့် ချိုးဖေါက်မှုများဖြစ်ပြီးချိန်တွင် ရာထူးတိုးခဲ့သည်။
မင်းအောင်လှိုင် ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာသည့် ၂၀၁၁ ခုနှစ်မှစ၍ စစ်တပ်တစ်ခုလုံးကို အကြီးတန်းအရာရှိ (၇၉)ယောက်ကသာ ကိုင်တွယ်ခဲ့သည်။
တပ်ဖွဲ့ဝင်တွေကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေကို အရာရှိကြီးတွေကို တာဝန်ခံခိုင်းစေနိုင်ပါတယ်။
မင်းအောင်လှိုင်လက်အောင်တွင် တာဝန်ထမ်းဆောင်ခဲ့သည့် အကြီးတန်းအရာရှိများထဲမှ ၆၄ ရာခိုင်နှုန်း (၇၉ ယောက်ထဲမှ ၅၁ ယောက်) သည် လူဖျောက်မှုများ၊ လူသတ်မှုများ မုဒိန်းမှုသို့မဟုတ် ၄င်းတို့၏အမိန့်ကွပ်ကဲမှုကွင်းဆက်အောက်မှ တပ်ဖွဲ့တပ်စိတ်များက နှိပ်စက်မှုများကျူးလွန်ခဲ့ကြောင့် စွပ်စွဲခံထားရသည်။
အဆိုပါအရာရှိများထဲမှ ၅၄ ရာခိုင်နှုန်း (၅၁ ယောက်ထဲမှ ၂၈ ယောက်)သည် လူဖျောက်မှု၊လူသတ်မှု၊မုဒိန်းမှု သို့မဟုတ် ၄င်းတို့ ထိန်းချုပ်မှုအောက်မှ လက်အောက်ငယ်သားများကနှိပ်စက်မှုကျူးလွန်သည်ဟု အနည်းဆုံး တခေါက် စွပ်စွဲခံရပြီးချိန်တွင် ရာထူးတိုးခဲ့သည်။ ၄င်းတို့အထဲမှ (၉)ယောက်သည် ရာထူးမတိုးခဲ့ပါ။ အခြား (၁၁) ယောက်သည် ရာထူးတိုးမတိုးမဆုံးဖြတ်နိုင်ပါ သို့မဟုတ် (၃)ဦးသည် အနာဂတ်တွင် ရာထူးတိုးကောင်းတိုးလိမ့်မည်။